။....။

ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ

၁၇၈၄ ဒီဇင်ဘာ (၃၁) တွင် ကျဆုံးခဲ့ရသော ရခိုင့်အချုပ်အခြာ အာဏာအား ပြန်လည် ရယူရေးအတွက် ရခိုင့်မျိုးချစ် ပုဂ္ဂိုလ်များ အသက်၊ ချွေး၊ ဇွဲများဖြင့် ကြိုးစားလာခဲ့၊ ကြိုးစားနေကြဆဲ ဖြစ်သည်ဆိုသည်ကို အားလုံး အသိပင် ဖြစ်ပါသည်။

ကျူးကျော်လာသော ဗမာဘုရင် မောင်ဝိုင်းတပ်များအား ပြန်လည် နှင်ထုတ်ရေး၊ နယ်ချဲ့ ကိုလိုနီစနစ်ကို ချေမှုန်းရေး၊ စစ်အာဏာရှင် စနစ်မှ လွတ်မြောက်ရေး စသည့် တော်လှန်ရေး နိုင်ငံရေး ခရီးများကို ဖြတ်သန်းခဲ့ကြသည့် အတွေ့အကြုံများလည်း တစ်ခြား တိုင်းရင်းသားများနှင့် ဗမာလူမျိုးချင်း အတိုက်အခံ လုပ်နေကြသော တော်လှန်ရေး နိုင်ငံရေး အဖွဲ့အစည်းများထက် မနည်းတော့ပေ။. ဤမျှ မိမိတို့ တိုင်းပြည် အချုပ်အခြာ အာဏာကို ပြန်လည် ရရှိနိုင်ရေး အတွက် ရာစု နှစ် (၂) ခုကျော်တိုင်အောင် ကြိုးစားတိုက်ပွဲ ၀င်ခဲ့ကြသော်လည်း မည့်သည့်အတွက်ကြောင့် အရာမထင်ခဲ့ကြသနည်း ဆိုသည့် မေးခွန်းကို မေးလျှင် စာရေးသူအား သင်မည်မျှ တိုက်ပွဲဝင်ပြီးပြီနည်း၊ သင်၏ အတွေ့အကြုံက အဘယ်နည်း ဟု တုန့်ပြန်မေးခွန်း ထုတ်မည်မှာ အသေအချာပင် ဖြစ်သည်။

ထိုမေးခွန်းကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်တစ်စား သိချင်နေသည်ဟု ရခိုင့်တော်လှန်ရေး မျက်မှောက်ခေါင်းဆောင်များနှင့် ကွန်လွန်လေပြီဖြစ်သော ခေါင်းဆောင်များအား တိုက်ရိုက် မေးမြန်းခွင့် ရချင်ခဲ့သော်လည်း ပြည်ပနိုင်ငံများတွင် ရပ်တည်နေကြသည့်အတွက်ကြောင့် အခွင့်မသာခဲ့ပေ။

ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များ အဆက်ဆက်တိုင်းသည် အလွန်ပင် တော်ကြသည်။ အလွန်ပင် အမြော်အမြင်များ ရှိခဲ့ ရှိနေကြသည်ပင် ဖြစ်သည်။ ထို့ကြောင့် ထင်သည်။ တိုင်းရင်းသား မဟာမိတ်များကြားတွင် အောက်ကျနောက်ကျ ဖြစ်လာရသည်။

ဆိုလိုရင်းက- မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ဟု ခေါ်ဆိုသမုတ်ကြသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်ြ
ကသော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် အခြား ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား မဟာမိတ်များ၏ ခေါင်းဆောင်ကြီးများတို့၏ မွေးနေ့ပွဲ၊ ကွယ်လွန်ခြင်း အထိမ်းအမှတ်ပွဲ အပါအ၀င် အခြား အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များတွင် ရခိုင့်တော်လှန်ရေး နိုင်ငံရေး ခေါင်းဆောင်များက အခမ်းအနားများ ပြုလုပ်ပေးခြင်း၊ ကြေညာစာများ ထုတ်ပေးပြီး ဂုဏ်ပြုပေးခြင်းများ ပြုလုပ်ပေးနေကြသော်လည်း မိမိတို့ ရခိုင်လူမျိုးများ၏ ဆရာတော် ဦးဥတ္တမနေ့၊ ဆရာကြီး ဦးဦးသာထွန်းနေ့၊ ဆန်ပြဿနာနေ့၊ အချုပ်အခြာ အာဏာ ကျဆုံးသည့်နေ့ ၊ ဗိုလ်ခိုင်မိုးလင်းနေ့၊ ဗိုလ်ရာဇာနေ့နှင့် အခြား အခြားသော နေ့ထူးနေ့မြတ်များအတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ (တိုင်းရင်းသား၊ မဟာမိတ်များ) ဂုဏ်ပြုပေးခြင်း မရှိခဲ့ကြပေ။ ဤသည်ကို နိုင်ငံရေး ဟု ခေါ်ဆိုပါသလော။ စာရေးသူ မသုံးသပ်တတ်ပေ။

အထက်ဖော်ပြပါ ခံစားချက်သည် စာရေးသူ တစ်ဦးတည်း ခံစားချက်ဟု တော်လှန်ရေး ဖခင်ကြီးများ မမှတ်ယူစေချင်ပါ။ ရခိုင်ပြည်ရှိ ရခိုင်လူမျိုးများနှင့် အခြားသော အဝေးရောက် ရခိုင်လူမျိုးများ၏ ခံစားချက် ဖြစ်ကြောင်း အမုန်းခံကာ အသိပေးနေရခြင်းသည်ကို အထူး သိစေလိုပါသည်။

ရခိုင့်တော်လှန်ရေး မအောင်မြင်ရသေးခြင်း၏ အဓိက အကြောင်းအရင်းများအား တော်လှန်ရေး ဖခင်ကြီးများ၊ တော်လှန်ရေး ရဲဘော်များနှင့် ခေတ်သစ် တော်လှန်ရေး မျိုးဆက်များက မည်ကဲ့သို့ ဝေဖန်သုံးသပ်ကြသနည်း ဆိုသည်ကို မပြောနိုင်သော်လည်း စာရေးသူ၏ မတောက်တခေါက် သုံးသပ်ချက်ကို တော်လှန်ရေး ခေါင်းဆောင်များနှင့် စာဖတ်သူ အားလုံးကို တင်ပြပါမည်။

၁) ခိုင်မာတောင့်တင်းသည့် တော်လှန်ရေး ဘဏ္ဍာ အင်အား
၂) တော်လှန်ရေးအတွက် သစ္စာရှိရှိ ရေကုန်ရေခမ်း ကြိုးစားပေးမည့် ရဲဘော်များ
၃) တော်လှန်ရေးကို ထောက်ခံနေမည် မဆုတ်လျော့သော ပြည်သူ့ အင်အား စသည့် အချက်များ ဟန်ချက် မညီခဲ့သောကြောင့် တော်လှန်ရေးကြီး မအောင်မြင်ရသေးခြင်း ဖြစ်သည်ဟု စာရေးသူ သုံးသပ်လိုသည်။

၁) ခိုင်မာ တောင့်တင်းသည့် တော်လှန်ရေး ဘဏ္ဍာ အင်အား
ဆိုလိုသည်မှာ- တော်လှန်ရေး အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအား ပုံမှန်နှင့် လျှင်မြန်စွာ လည်ပတ် ဆောင်ရွက်နိုင်ရေး၊ တော်လှန်ရေး ရဲဘော်များ၏ စားဝတ်နေရေး၊ လက်နက် အင်အား၊ လူအင်အား စသည့်တို့ တည်ဆောက်နိုင်ရေးတို့အတွက် ခိုင်မာတောင့်တင်းသည့် ဘဏ္ဍာရေးမှာ အမှန်ပင် လိုအပ်သည်။ ရှိနေသော ဘဏ္ဍာရေး ခိုင်မြဲနေရမည်။ ထို ဘဏ္ဍာငွေများကို ထိန်းသိမ်းထားသူများက စနစ်တကျ ကိုင်တွယ် သုံးစွဲသင့်သည်။ ဘဏ္ဍာ ရှာဖွေနေသူများအား မိမိတို့ အသုံးပြုသည့် နေရာများအား လိုအပ်လျှင် တင်ပြရမည်။ ဘဏ္ဍာငွေကို ရှာဖွေရာတွင် ပြည်သူ့ မျက်ရည်စာ မဖြစ်ရသလို အသုံးပြုရာတွင်လည်း ပြည်သူ့မျက်ရည်နှင့် ရဲဘော်များ မျက်ရည် မကျစေရ။

၂) တော်လှန်ရေးအတွက် သစ္စာရှိရှိ ရေကုန်ရေခမ်း ကြိုးစားပေးမည့် ရဲဘော်များ
ဆိုလိုသည်မှာ- တော်လှန်ရေး နယ်မြေရှိ ရဲဘော်များသည့် မိမိတို့ တော်လှန်ရေး အောင်မြင်ရေးအတွက် ကြိုးစားနေသည့် မိခင် အဖွဲ့အစည်းအပေါ် မည့်သည့် အခြေအနေပင် ရောက်သည်ဖြစ်စေ သစ္စာတရားလက်ကိုင်ထား၍ တော်လှန်ရေး အတွက် မဆုတ်မနစ်သော ဇွဲစိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ကြိုးစားပေးမည့် ရဲဘော်များကို ဆိုလိုသည်။ ထမင်း (၃) ထပ် ငါးမလျှင် ဗျစ်တောက်ဗျစ်တော် မြည်တွန်တတ်သော ရဲဘော်များ ဤခေါင်းစဉ်နှင့် မသက်ဆိုင်ပေ။ သစ္စာရှိသည်ဟု ဆိုခြင်းသည် ခေါင်းဆောင်များအား ကပ်ဖားလျက်ဖား ပြုလုပ်တတ်လျက် အထက်ကို မြှောက် အောက်ကို ဖိ၊ အောက်အချင်းအချင်း မအူမလည်သယောင် ကုန်းလျှောတတ်သည့် ရဲဘော်များလည်း ဤခေါင်းစဉ်တွင် မပါရှိပေ။ တော်လှန်ရေး ရဲဘော်များ သစ္စာရှိရှိနှင့် ရေကုန်ရေခမ်း ကြိုးစားလာစေရေးမှာ ထိုတော်လှန်ရေး အဖွဲ့အစည်း၏ ခေါင်းဆောင်များအပေါ်တွင် တာဝန်အရှိဆုံးဖြစ်သည်။

၃) တော်လှန်ရေးကို ထောက်ခံနေမည် မဆုတ်လျော့သော ပြည်သူ့ အင်အား
ဆိုလိုသည်မှာ- တော်လှန်ရေးသည် ပြည်သူမှ မွေးဖွားလာခြင်း ဖြစ်သည်။ ပြည်သူကို မပုန်ကန်ရ။ ပြည်သူချစ်သော တော်လှန်ရေး အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ရမည်။ မိမိတို့ တော်လှန်ရေး အဖွဲ့အစည်းနှင့် ရခိုင့်တော်လှန်ရေးအား စိတ်မပျက်ဘဲ မိမိတို့ အဖွဲ့အစည်း မည်သည့် နေရာသို့ပင် ရောက်ရောက် အားပေးနေမည်ဟုသော စိတ်ဓာတ်ခံယူချက်မျိုး ရှိသည့် ပြည်သူ အရေအတွက်အား တိုးနိုင်သမျှ တိုးအောင် ကြိုးစားရမည်။ ပြည်သူမပါသော တော်လှန်ရေး မအောင်မြင်နိုင်ပေ။

အထက် ဖော်ပြပါ အချက်သုံးချက် ပြည့်စုံစွာ ရှိခဲ့သည်ဟူ၍ ရခိုင့်တော်လှန်ရေး ခေတ်အဆက်ဆက်တွင် မတွေ့ရှိခဲ့ရပေ။ ယင်းအချက်များသည် ဖိုခနောက်ကဲ့သို့ သုံးပွင့်ဆိုင် ဟန်ချက်ညီစွာ ဖြစ်ပေါ် တည်မြဲနေမည်ဆိုပါက တော်လှန်ရေးကြီး မုချ အောင်မြင်မည် ဖြစ်သည်။

ယခု တော်လှန်ရေး အဖွဲ့အစည်းများ၌ ယင်းကဲ့သို့ မတွေ့ရဘဲ ဤကဲ့သို့ တွေ့ရှိနေရပေသည်။

နိုင်ငံရေး တော်လှန်ရေး ထက်သန်နိုးကြားမှု မရှိသေးသော ပြည်သူများအား စည်းရုံးမည်ဆိုခြင်းကို ထားအုံး၊ တော်လှန်ရေး နယ်မြေရှိ ရဲဘော်များအား သစ္စာရှိစွာ ရေကုန်ရေခမ်း ကြိုးစားလာစေရေး တော်လှန်ရေးကို ချစ်မြတ်နိုးပြီး အသက်ပင် ပေးလိုစိတ်ရှိလာအောင် ပြုစု ထိန်းသိမ်း သွန်သင်ပေးမည်ကို ထားအုံး၊ တော်လှန်ရေး အတွက် လိုအပ်သော ဘဏ္ဍာငွေများကို ရှာဖွေ ထိန်းသိမ်းပေးရမည့်ဆိုသည့် အချက်များကို တစ်ချက်ပင်မျှ ဟန်ချက် ညီအောင် မပြုလုပ်နိုင်ကြသေးပေ။

ရဲဘော်များ၏ အကျင့်စာရိတ္တ ကောင်းမွန်လာစေရေး သွန်သင်နေပြီး မိမိတို့ ကိုယ်၌က ကွယ်ရာတွင် အကျင့်စာရိတ္တပါ၊ အကျင့် ကြက်ရိတ္တပါ ဖောက်ပြန်နေကြသည်။ ရှေ့တစ်မျိုး နောက်တစ်မျိုး ဖောက်ပြန်နေကြသည်။ တော်လှန်ရေး ခေါင်းဆောင်များ၏ ဖောက်ပြန်မှုများကို ဤစာတွင် ထည့်ရေးပါက ရှက်ဖွယ်လီလီပင် ရှိပေတော့မည်ဖြစ်ရာ မရေးချင်တော့ ပေ။

ခေါင်းဆောင်နှင့် ရဲဘော်ကြား အာဏာ ယစ်မူးသူများက တစ်မှောင့်။ ထိုသူများကြောင့် ရဲဘော်များသည် တော်လှန်ရေးအတွက် ရေကုန်ရေခမ်း ကြိုးစားလိုစိတ် ရှိမလာဘဲ စိတ်ဓာတ်အားအင် ကုန်ခမ်းလာတော့သည်။ တော်လှန်ရေး ပညာများအား သင်ကြား တတ်မြောက်ခွင့် ရခဲ့ပါလျက်နှင့် တော်လှန်ခွင့် မရရှိခဲ့ကြသော ရဲဘော်များက ရေတွက် မရလောက်အောင် ရှိနေပေပြီ။ သြော်....ခေါင်းဆောင်ကောင်းများကြောင့်လော။ မည်သူ့ အတွက်ကြောင့်ပင် ဤကဲ့သို့ ရင်နာစရာ အဖြစ်အပျက်များ ရှိခဲ့လေသနည်း။

အဆိုပါ အဖြစ်အပျက်များကို ခေါင်းဆောင်ကြီးများ မတွေ့မမြင်ခဲ့ကြသလော၊ မကြားသိလေခြင်းလော၊ လျစ်လျူရှုထားခြင်းလော စာရေးသူ အပါအ၀င် ရခိုင်ပြည်သူများ မဝေခွဲတတ်တော့ပေ။ အမြော်အမြင်ရှိသော အတွက်ကြောင့်လည်း မဝေဖန်နိုင်တော့ပေ။

လိုချင်မှု ဆန္ဒနှင့် လိုအပ်မှုကို အမှန်တကယ် ဘက်မလိုက်ဘဲ၊ မိမိတို့ကိုယ်ကို မိမိတို့ မလိမ်ညာပဲ ဆုံးဖြတ်သင့်ပြီ။ ဝေဖန်သင့်ပြီ။ အာဏာရှင် စနစ်ကို မလိုလား ဆန့်ကျင်မည်ဟုဆိုကာ မိမိတို့ ကိုယ်၌က အာဏာရှင် အဖြစ် မကြာမီ အသွင်ပြောင်းလဲသွားမှုကို ပြည်သူတို့ တွေ့မြင်ရတော့မည် ဆိုသည်ကို သိသိရက်နှင့် ဂရုမစိုက် ပစ်ပယ်ခြင်းလော။

တော်လှန်ရေး ရဲဘော်များ တော်လှန်ရေးကို စွန့်ခွာသွားခြင်းမှာ သစ္စာမရှိ၍ စွန့်ပစ်သွားခြင်းမဟုတ်ပဲ ခေါင်းဆောင်ကြီးများအား သစ္စာရှိလွန်း၍ စွန့်ခွာ ခဲ့ရခြင်းဖြစ်သည်။ တန်ဖိုးရှိသော အရာတစ်ခု အကောင်းပကတိ ဖြစ်နေပါလျက်နှင့် စွန့်ပစ်ထားခြင်းတို့သည် တန်ဖိုးမထားတတ်ရာ ရောက်သည် ဆိုသည်ကို အမှန်ပင် မသိလေကြသလော။


ဤမျှဆိုပါက နားလည်ကြမည် ထင်ပါသည်။

စဉ်းစားသင့်ပြီ၊ ဆုံးဖြတ်သင့်ပြီ၊ နှစ်ပေါင်း နှစ်ရာ့နှစ်ဆယ့်ခြောက်နှစ် တိုင်တိုင် တော်လှန်ရေးအား တိုက်ပွဲဝင်ခဲ့ကြပြီ။ ယခုလည်း တိုက်နေဆဲ နောင်လည်း တိုက်နေကြရအုံးမည်လော။ ဤမျှထိ ကျွန်သစ္စာတရား စောင့်သိနေစရာ လိုမည်မထင်။ လက်ဆင့် အမွေဆက်ခံခဲ့ပြီး လက်ဆင့်အမွေကမ်းနိုင်သည့် အထိ တာဝန်ကျေပွန်စွာ တော်လှန် တိုက်ပွဲဝင်နေကြအုံးမည်လော။

ရွှေသမင် ဘယ်ကထွက်၊ မင်းကြီး တာက ထွက် ဆိုသကဲ့သို့ပင် ဖြစ်နေပြီ ထင်သည်။

တော်လှန်ရေး ရဲဘော်များနှင့် ပြည်သူတစ်ရပ်လုံးသည် သြဇာမရှိဘဲ အာဏာရှိသူ၊ အာဏာပြသူတို့ထက် အာဏာမရှိဘဲ သြဇာဖြင့် အုပ်ချူပ်မှုကို လိုလားကြသည်။ တောင့်တ ကြသည်။ မြတ်နိုးကြသည်။

အမှန်တရားကို ရှာဖွေနေသူများ ဖြစ်ပါလျက်နှင့် မည့်သည့်အတွက်ကြောင့် အမှန်တရားကို လက်မခံကြရသနည်း။ အမှန်တကယ်ပင် အံ့သြ သြချမိသည်။

ခေါင်းဆောင်ကြီးများအား တစ်ခု ပြောကြားလိုပါသည်။

ခေါင်းဆောင်ကြီးများ၏ အိပ်မက်(တော်လှန်ရေး ပန်းတိုင်) ကို ဖျက်ဆီးနေကြသူများသည် နအဖ တပ်မတော်တစ်ခုတည်းသာ ရှိသည် မဟုတ်ဘဲ သြဇာမရှိဘဲ အာဏာမှ အာဏာ ဖြစ်နေသော အာဏာရူး တော်လှန်ရေး အရေခြုံပြီး ခေါင်းဆောင်ကြီးများကို အနီးကပ် ဒုက္ခပေးနေကြသည့် ရဲဘော်များမုန်း၊ ပြည်သူမုန်းသည့် တော်လှန်ရေး အာဏာရှင်များ ဖြစ်သည်။ ယင်း ဒုက္ခပေးသူများအား ခေါင်းဆောင်ကြီးများ အထူး သတိပြုစေချင်သည်။

ခေါင်းဆောင်ကြီးများ အမှန်တကယ် လိုချင်ကြသော (အတိတ်က ချမှတ်ခဲ့ဖူးသော တော်လှန်ရေး ပန်းတိုင်အား ရွက်လွှင့်ရာ လမ်းတလျှောက် ကြုံရသမျှကို အိပ်မက်တစ်ခုကဲ့သို့ သဘောထားနေရုံနှင့် မပြီးဘဲ အိပ်မက်မဟုတ် အမှန်ပင် ဖြစ်နေပါလား ဆိုသည့် အတွေးနှင့်အတူ ဆုံးဖြတချက်သစ်များကို ပြည်သူများ မျှော်လင့်ကြသလို၊ ရဲဘော်ကြီး ရဲဘော်ဟောင်းများနှင့် တကွ စာရေးသူပါ မျှော်လင့်နေကြသည်။ ခေါင်းဆောင်ကြီးများ ဆုံးဖြတ်သင့်ပါပြီ။

ရခိုင်ပြည်သူတစ်ရပ်လုံး အားကိုးကြီးစွာ မျှော်လင့်နေသော အရာမှာ ခေါင်းဆောင်ကြီးများ၏ လက်ထဲရှိ ရေပင် ဖြစ်သည်။ ခေါင်းဆောင်ကြီးများ စိတ်ကြိုက်ပြုလုပ်နိုင်သည်။ စိတ်ကြိုက် ကစားနိုင်သည်။ ပြည်သူကို ငဲ့ညှာပါ။ ရဲဘော်များကို ငဲ့ညှာပေးပါ။


ခေါင်းဆောင်ကောင်းများအား လေးစား အားကိုးချင်သည့် ရခိုင်လူမျိုးအားလုံး ကိုယ်စား
ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များ အားလုံး အား အကြံပြု ဝေဖန်သူ တစ်ဦး

.

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..19.7.10...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ