။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၅)

တောင်ရင်းကျွန်း၏ရှိဟောင်းနှောင်းဖြစ်

ရခိုင်ရို့၏ရှိဟောင်းသမိုင်းဝင်အရပ်ဌာနတခုဖြစ်သော တောင်ရင်းကျွန်းသည် ပင်လယ်နှင့်နီးကပ်စွာတည်ဟိသည့် ကျွန်းတကျွန်းဖြစ်သည်။ ဤကျွန်းအရပ်သည် ကစ္ဆပနဒီမြစ်ဟုခေါ်တွင်သည့် ကုလားတန်မြစ်နှင့် အဉ္ဇနနဒီဟုခေါ်သော လေးမြို့မြစ်ရို့၏နှစ်ခုအကြား မြစ်ဝအောက်ပိုင်းတွင် တည်ဟိသည်။ တောင်ရင်းကျွန်း၏ အနောက်ဘက်တွင် တငြိမ့်ငြိမ့်စီးဆင်းနီသော ကစ္ဆပနဒီမြစ်နှင့် ငပြီကျွန်းကိုတွိရသည်။ မြောက်ဘက်တွင်ကား မဟိန်မြစ်၊ ဘောတာချောင်းရို့ ပိုင်းခြားတည်ဟိသည်။ အရှိအရပ်နှင့် တောင်ဘက်အရပ်ရို့တွင် အရှိမြောက်ထောင့်အရပ်မှသည် အနောက်မြောက်ထောင့်အရပ်သို့ စီးဆင်းသော ကျွဲကူးမြစ်ဟိသည်။ ကျွန်း၏အလယ်ပိုင်းသည် ကျယ်ပြန့်ပြီး (၁၄) မိုင်ခန့်ဟိနီသည်။ ကျွန်း၏မြောက်ပိုင်းနှင့်တောင်ပိုင်းရို့မှာကား ငယ်လားပြီး (၇) မိုင်၊ (၈) မိုင်ခန့်ဟိသည်။.

ကျွန်းတခုလုံး၏အကျယ်သည် ဧရိယာစတုရန်းမိုင် (၁၇၀) မိုင်ခန့် ကျယ်ဝန်းပါသည်။ ကျွန်း၏အလယ်လောက်တွင် အရှိမြောက်အရပ်မှသည် အနောက်မြောက်အရပ်သို့ သွယ်တန်းနီသည့် (၇) မိုင်ကျော်ရှည်လျှားသော (တန်းတင်) တောင်တန်းကြီးက တည်ဟိသည်။ ဤတောင်တန်းကြီးကိုမှီ၍ ရှိကလူနီမှု အခြီချရာရပ်ရွာများ အသီးသီး ပေါ်ထွန်းခဖူးသဖြင့် ကျွန်း၏အမည်ကို (တောင်ရင်း) ကျွန်းဟူ၍ အမည်တွင်လာဟန်ဟိသည်။ အထူးသဖြင့် ကျွန်းအရပ်တည်ဟိရာအရပ်၌ နောက်ပိုင်းတွင်ပေါက်တောမြို့တည်လာရာ ပေါက်တောမြို့သည်ပင်လျှင် တောင်ရင်းကျွန်း၏ သမိုင်းဝင်အရပ်ဌာနတခု ဖြစ်လာလတ်သည်။

အင်္ဂလိပ်ခေတ်အနီအထား

တောင်ရင်းကျွန်းအရပ်တွင်တည်ဟိသော ပေါက်တောမြို့သည် ဗြိတိသျှအင်္ဂလိပ်ခေတ်တွင် ပေါ်ထွန်းလာသော မြို့တမြို့ဖြစ်သည်။ ခရစ် (၁၈၇၇) ခုနှစ် တွင် ဦးရာဇ်တောင်အရှိမြို့နယ်ဟုခေါ်တွင်ပြီး မြို့ဟောင်း (မြောက်ဦး) မြို့နယ်ခွဲအပိုင်းတပိုင်းအဖြစ် ဖွဲ့စည်းထားခသည်။ ယင်းမတိုင်မီ ပေါက်တောမြို့သည် ကျွန်းရွာတရွာ၏ အဆင့်ဖြင့်ဖြစ်သည်။ ခရစ် (၁၇၈၄) ခုနှစ်တွင် ရမ်းဗြဲဇင်ချောင်းကျွန်းရွာမှ ရွာစားကြီးမိသားစုသည် ဤအရပ်သို့ ရွှိပြောင်းလာပြီး သရွဲရွာသူကြီး၏ ကျွဲနွားစားကျက်မြီဖြစ်သော (ပေါက်တော) ကွင်းကို ငွေဒင်္ဂါး (၃၅) ပြားဖြင့် ၀ယ်ယူကာရပ်ရွာအဖြစ်တည်ထောင်သည်။ ထိုမှ လူဦးရေအိမ်ခြီ တဖြည်းဖြည်းများပြားလာပြီး ပေါက်တောကွင်းကို အမှီပြုကာ ပေါက်တောမြို့ဟုသတ်မှတ်လျှက် မြို့အုပ်ချုပ်ရေးကို စတင်ခခြင်းဖြစ်သည်။ စစ်တွေဂဇတ်တီယာကို ကိုးကား၍ဖော်ပြရလျှင် ခရစ် (၁၉၁၁) ခုနှစ် စာရင်းအရ ပေါက်တောမြို့၏ အိမ်ခြီစုစုပေါင်းသည် (၁၅၈) ဆောင်ဟိပြီး လူဦးရေမှာ (၆၃၂) ဖြစ်သည်။ ထို့ကြောင့် တောင်းရင်းကျွန်းအရပ်သည် အင်္ဂလိပ်ခေတ်က ပေါက်တောမြို့ကိုအခြီခံလျှက် မြို့ပြအုပ်ချုပ်ရေးကိုစတင်ကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးစသည်များမှာ အင်္ဂလိပ်မင်းအုပ်ချုပ်မှုလက်အောက်၌ရာ ဟိခသည်။ (အင်္ဂလိပ်ခေတ်ဦးပိုင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်ပေါက်တောမြို့နယ်မှ အချက်အလက်တချို့ကို ဤစာအုပ်၏အခန်း (၃) ၌ သီးသန့်ဘာသာပြန်ဖော်ပြထားရာ ယင်း၌ လေ့လာဖတ်ရှုနိုင်ပါသည်။)

မြောက်ဦးခေတ်အနီအထား

ထိုမြောက်ဦးခေတ်သည် ခရစ် (၁၄၃၀) ခုနှစ်မှ (၁၇၈၄) ခုနှစ်ထိ နှစ်ပေါင်းသုံးရာကျော်ထွန်းကားခသည်။ ဤခေတ်၌ မြောက်ဦးခေတ်၌ ဘုရင် (၄၉) ပါးက အသီးသီးနန်းစံ အုပ်ချုပ်ခသည်။ ထိုအချိန်က တောင်ရင်းကျွန်းသည် ရခိုင်ပြည် (၄၄) ကျွန်း စီမံအုပ်ချုပ်မှုအောက်၌ဟိခသည်။ တောင်ရင်းကျွန်းအရပ်တွင် ကနိတိုင် တွိမြင်ရသော သရွဲရွာ၊ ကျောက်ဆိပ်ရွာ၊ ဒါးကိုင်ရွာ၊ ပြည်ရွာဟောင်း၊ တပ်မော်ရွာ၊ ကြိမ်ခွေမော်ရွာ၊ မင်းဗာရွာရို့မျာ မြောက်ဦးခေတ်ထွန်းကားစဉ်က ပေါ်ပေါက်ခသော ရပ်ရွာဒေသများဖြစ်သည်။

အထူးသဖြင့် မြောက်ဦးခေတ်လယ်က မင်းဗာသည် အိမ်နိမ့်ဘ၀ စစ်သူကြီးရာထူးဖြင့် တောင်ရင်းကျွန်းတွင် နီထိုင်ဖူးခသည်။ မင်းဗာကြီးပြုစုတည်ထောင်ပီးခသော မင်းဗာအမည်ဟိရွာကို တန်းတင်တောင်ကြီး၏ တောင်ဘက်တောင်ခြီရင်းတွင် တွိပါသည်။ ရခိုင်သမိုင်းတွင် မြောက်ဦးခေတ်စစ်ရေးအရ တောင်ရင်းကျွန်းမှာ များစွာအရေးပါသည်။ တောင်ရင်းကျွန်းသည် ပထ၀ီအနီအထားအရ ကုလားတန်မြစ်ဝမြီနုကျွန်းပေါ်လုံခြုံရေး၌ အချက်အချာကျရောက်သည်။ မြောက်ဦးမြို့သို့ စစ်ချီတက်သည့်လမ်းကြောင်းဝဖြစ်သည်။ တပ်မြို့ကို တောင်ရင်းကျွန်း၏အနောက်ဘက် ကုလားတန်မြစ်ဝအနီးတွင်ချထားခသည်။ တပ်ချထားခရာအရပ်ကို ယခုတိုင် တပ်မော်ရွာဟုခေါ်တွင်သည်။ ဤတပ်သည် ဦးရာဇ်တောင်တပ်ပြီးလျှင် စစ်ရေးအရ ဒုတိယအရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် တောင်ရင်းကျွန်းသည် စစ်ရေးအရ မြောက်ဦးခေတ်တွင် အရေးကြီးသည့် ဂွင်တခုဖြစ်သည်။

ရပ်ရွာတည်ထောင်လူနီမှုကိုအခြီခံ၍ မြောက်ဦးခေတ်အတွင်းက တောင်ရင်းကျွန်းအရပ်သည် ဘာသာရေးနှင့်ပတ်သက်၍ စည်ပင်ထွန်းကားမှုဟိကြောင်းကို သာသနိကအထောက်အထားများကို လေ့လာ၍သိမြင်နိုင်သည်။ မင်းဗာဘုရင် တည်ထောင်ခသော ကျောက်ထွင်းဂူရို့ကိုလည်းကောင်း၊ ကြိမ်ခွေမော်ရွာအနီးဝန်းကျင် ဘုရားကျောက်ဆင်းထု၊ ကြီးဆင်းထုနှင့် စေတီပုထိုများသည်လည်းကောင်း၊ ကျောက်ဆိပ်ရွာအနီးဟိ ဘုရားကျောက်ဆင်းထုနှင့် စေတီပုထိုးများသည်လည်းကောင်း၊ အခြားအခြားသောတွိရသည့် ရီကန်ဟောင်းများ၊ သိမ်ဟောင်းနီရာများ၊ ဆင်းထုတော်အကြွင်းအကျန်များ စေတီပုထိုး အကြွင်းအကျန်များက မြောက်ဦးခေတ်၏ဗုဒ္ဓဘာသာထွန်းကားမှု အနီအထားကို ဖော်ပြနီသည်။

ထို့ကြောင့်တောင်ရင်းကျွန်းအရပ်သည် မြောက်ဦးခေတ်ကာလအတွင်းက ဘာသာကိုးကွယ်မှု၊ စစ်ရေးစစ်ရာ၊ ကူးသန်းရောင်းဝယ်ရေးစသည်ရို့မှာ ရွှေရောင်လွှမ်းမိုးသော မြောက်ဦးခေတ်ကာလတွင် တိုးတက်ခကြောင်း တွိရသည်။

လေးမြို့ခေတ်အနီအထား

မြောက်ဦးခေတ်သည် လေးမြို့ခေတ်မှ ဆင်းသက်လာသည့် ခေတ်တခေတ်ဖြစ်၍ မြောက်ဦးခေတ်မှနီ၍ နောက်သို့တလှမ်းဆုတ်လျှင် လေးမြို့ခေတ်ကို တွိရသည်။ လေးမြို့ခေတ်သည် အဉ္ဇနနဒီခေါ်လေးမြို့မြစ်ကိုဗဟိုပြု၍ ထွန်းကားခသော ခေတ်ကြီးတခေတ်ဖြစ်သည်။ ဤအရပ်၌ ထင်ရှားသောမြို့လေးမြို့ ပေါ်ထွန်းခသည်။ ဤခေတ်သည်အေဒီ (၈၁၈ မှ ၁၄၃၀) ခုနှစ်အထိ နှစ်ပေါင်း (၆၁၂) နှစ်အကြာ ထွန်းကားခသည်။ မင်းပေါင်း (၆၁) ပါးစိုးစံခသည်။ လေးမြို့ခေတ်တွင် ဒဿရာဇာမင်းကြီးနန်းစံ အေဒီ (၁၃၂၃-၁၃၂၉) သည် တောင်ရင်းကျွန်းမှနီ၍ နီပြည်တော်ပုရိန်မြို့ကိုဖြတ်ကာ မဟာမုနိဘုရားအရောက် မင်းလမ်းမကြီး ဖောက်လုပ်ခကြောင်း အဆိုဟိသည်။

ထိုခေတ်က တောင်ရင်းကျွန်းသည် လေးမြို့ခေတ်ထွန်းကားရာအရပ်များနှင့် ကူးလူးဆက်နွယ်မှုဟိခသည်။ တောင်ရင်းကျွန်း သ၀င်ချောင်းရွာတွင် တွိမြင်ရသော အမြင့် (၈) လက်မဟိသည့် ဆင်းထုတော်တဆူမှာ လေးမြို့ခေတ်လက်ရာဖြစ်သဖြင့် ဤကျွန်းအရပ်၌လည်း လေးမြို့ခေတ်အထောက်အထားအချို့က တောင်ရင်းကျွန်း၌ ဘာသာရေးနှင့်အတူ လူမှုရေးထွန်းကားနီမှုကို ဖော်ပြလျှက်ဟိသည်။

ဝေသာလီခေတ်အနီအထား

လေးမြို့ခေတ်မှနောက်သို့ဆုတ်ကြည့်လျှင် ဝေသာလီခေတ်ဖြစ်သည်။ ဝေသာလီခေတ်သည် အေဒီ (၄) ရာစုမှ (၈) ရာစုအထိ ထွန်းကာခသည်။ ဝေသာလီခေတ်ယဉ်ကျေးမှုစာပီအဆင့်အတန်းမှာ မြင့်မားခကြောင်းကို အထောက်အထားများအရသိရသည်။ အာနန္ဒစန္ဒြကျောက်စာ၌ ဝေသာလီပြည်သည် နတ်ပြည်ကို ပျက်ရယ်ပြုနိုင်လောက်အောင်သာယာသည် ဟုဆိုထားသဖြင့် ဝေသာလီခေတ်က မည်သည်လောက် စည်ပင်တိုးတက်ခသည်ကို ဤကျောက်စာအရသိမြင်နိုင်သည်။ ဝေသာလီခေတ် ဘာသာရေးကိုးကွယ်မှုနှင့် စပ်လျှဉ်းသော သမိုင်းရုပ်ကြွင်းအထောက်အထားများမှာ စတူပါ ကျောက်စေတီငယ်များပင် ဖြစ်သည်။ ဝေသာလီခေတ်အတွင်း ကိုးကွယ်ခသော စတုပါကျောက်စေတီငယ်များကို ယခုအခါ ရခိုင်ပြည် အနှံ့၌တွိမြင်ရသည်။

တောင်ရင်းကျွန်းအရပ်၌ စတုပါသုံးဆူကို ကြိမ်ခွေမော်ရွာတောကျောင်း၌ တွိရသည်။ နောက်စတူပါများကိုလည်း မေကံယုံသချိုင်းဟူသောအရပ်တွင် တွိရသည်။ ဤကျောက်စတူပါစေတီငယ်များသည် တောင်ရင်းကျွန်း၏ ဝေသာလီခေတ်လွှမ်းမိုးမှုကို ဖော်ပြနီသည်။ တောင်ရင်းကျွန်းအရပ်သည် အေဒီလေးရာစုမှ သျှစ်ရာစုကာလအတွင်း စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးရို့မှာ တိုးတက်မြင့်မားထွန်းကားလျှက်ဟိကြောင်း သိမြင်နိုင်သည်။

ဓည၀တီခေတ်အနီအထား

ဝေသာလီခေတ်မှတခါနောက်သို့တလှမ်းပြန်ဆုတ်လျှင် ဓည၀တီခေတ်ဖြစ်သည်။ ဓည၀တီခေတ်သည် ရခိုင်သမိုင်းတွင် ရှည်လျှားသောသမိုင်းစဉ်ဖြစ်သဖြင့် ဤခေတ်ကို ပထမဓည၀တီခေတ်၊ ဒုတိယဓည၀တီခေတ်၊ တတိယဓည၀တီခေတ်ဟူ၍ သုံးပိုင်းခွဲထားသည်။ ဓည၀တီခေတ်နှင့် တောင်ရင်းကျွန်းသမိုင်းကို ဆက်စပ် လေ့လာကြည့်သည့်အခါမှာ ဘာသာရေးနှင့်ဆိုင်သော အထောက်အထားများကိုလည်း တွိလာရသည်။ တတိယဓည၀တီခေတ်အစတွင် ဗုဒ္ဓမြတ်စွာဂေါတမသည် ရခိုင်ပြည်သို့ ကြွရောက်ခပြီး ရခိုင်ရို့သည် ဘီစီ (၆) ရာစုမှစ၍ ဗုဒ္ဓဘာသာဝင်များဖြစ်လာသည်။ ထို့နောက် တတိယဓည၀တီခေတ် သူရိယစက္ကမင်းလက်ထက် ဘီစီ (၅) ရာစုတွင် မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်များက ရခိုင်ပြည်သို့ကြွရောက်လာသည်။ သူရိယစက္ကမင်းသည် ရောက်ဟိလာသော သရီရဓါတ်တော်များကို ရခိုင်ပြည်အနှံအပြား၌ဌာပနာ၍ စေတီတည်ထားခသည်။ တောင်ရင်းကျွန်းအရပ်၌ လိုင်ရိုးတော်ဓါတ်အပြင် အခြားအခြားသောဓါတ်မွီတော်များက ဤကျွန်းအရပ်၌ ကိန်းဝပ်လျှက်ဟိသည်။ ထို့ကြောင့် ဤတောင်ရင်းကျွန်းအရပ်သည် ထိုအချိန်ကပင်စ၍ ဘာသာရေးကိုးကွယ်မှုနှင့် ထပ်တူလူနီမှုစနစ် ထွန်းကားခပြီဖြစ်သည်။ အချုပ်အားဖြင့် တင်ပြဆွေးနွေးရလျှင် တောင်ရင်းကျွန်းသည် ယခုမှရာ ပေါ်ပေါက်လာသောကျွန်းအရပ်မဟုတ်ပဲ ခေတ်အဆက်ဆက် သမိုင်းအထောက်အထားအရ ရှိကျသော ကျွန်းတကျွန်းဖြစ်ကြောင်းကို သိရသည်။

တောင်ရင်းကျွန်းမှ တွိရသော စာပီအထောက်အထား

သမိုင်းရုပ်ကြွင်းအထောက်အထားများကို လေ့လာကြည့်ခြင်းအားဖြင့်လည်း ရခိုင်ရို့ဖြတ်သန်းလာခသည့် ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်၊ အင်္ဂလိပ်ခေတ်စသည့်ခေတ်များ၏ အထောက်အထားများကို ခိုင်လုံစွာတွိရသဖြင့် ဤကျွန်းအရပ်သည် ရခိုင်သမိုင်းအဆက်ဆက်ခေတ်အဆက်ဆက်ကပင် တည်ဟိနီခကြောင်း သိသာထက်ရှားသည်။

ကျမ်းကိုး
၁။ ဦးစံသာအောင် ။ ။ အာနန္ဒစန္ဒြသျှစ်ရာစုရခိုင်ဝေသာလီမင်း
၂။ မောင်ဗသိန်း ။ ။ ပေါက်တောမြို့နယ်အကြောင်းသိကောင်းစရာ။ (ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ်-၁)
၃။ အောင်လှသိန်း ။ ။ တောင်ရင်းကျွန်း (ရခိုင်ညွန့်ဖူး-၂)
၎။ မင်းပြားမင်းသိန်းဇံ ။ ။ တောင်ရင်းကျွန်းကွင်းဆင်းလေ့လာမှု မှတ်တမ်း။
၅။ Mr. R. B smart Burma Gazetteer, Akyab, District Volume (A) Page 221.222.





...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၅)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ