လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၆)
ပေါက်တောမြို့နယ်မှ အခြားထင်ရှားသောဘုရားပုထိုးစေတီတော်များ
ပေါက်တောမြို့နယ်သည် ကျွန်းကြီးများဖြင့် ပါဝင်ဖွဲ့စည်းထားသော မြို့နယ်တခုဖြစ်ပါသည်။ ကျွန်းကြီးများမှာ ရီခြားမြီခြားတည်ဟိနီသည်။ ထိုထိုကျွန်းအရပ်ဌာနရို့၌ ရှိဟောင်းသမိုင်းဝင် ဘုရားပုထိုး စေတီတော်များတည်ဟိသည်။ ယင်းရို့၏အကြောင်းကို အကျဉ်းချုံ့၍ ဤအခန်း၌လက်လှမ်းမီသလောက်ကိုစုစည်း၍ တင်ပြပေအံ့။
(က) အနောက်ဖရုံကာကျွန်းမှ ဓါတ်မွီတော်များ
၁။ ဆံတော်ရှင်စေတီ
ဆံတော်ရှင်စေတီသည် ပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်းတွင် တည်ဟိသည်။ ပေါက်တောမြို့နယ်တွင် သာမက ရခိုင်ပြည်နယ်၌ တင်ရှားသော စေတီတဆူဖြစ်သည်။ မြတ်ဗုဒ္ဓဂေါတမအသျှင်သည် ရခိုင်ပြည်သို့ကြွရောက်ခပြီးနောက် ခရီးအပြန်တွင် ပင်လယ်သမုဒ္ဒရာအနီးမှ ဖြတ်သန်း၍ ကြွချီသည့်အခါမှာ ဇေယျသေနအမည်ဟိသော နဂါးမင်းသည် ဘုရားသျှင်ကိုဖူးမြော်ပြီး ကိုးကွယ်ရန် တောင်းပန်ချက်အရ ဘုရားသျှင်က ဆံတော်နှစ်ဆူကို ပီးသနားခသည်။ ထိုဆံတော်နှစ်ဆူကို နဂါးမင်းရို့သည် အပေါ်မှ ကျောက်တုံးငယ်များဖြင့် စေတီတည်ထားခသည်။ ယင်းကို စန္ဒသူရိယမင်းကြီးကကြားသိသဖြင့် လားရောက်ပြီး စေတီကို ပြုပျင်သည်ဟုဆိုသည်။ ထို့နောက်ဝေသာလီခေတ်သူရိယစန္ဒြားမင်းသည် စေတီကိုမွမ်းမံလျှက် ဖိနပ်မှသည်အထွတ်သို့တိုင် ရွှေလုံးပြည့်ချခသည်။ ထို့နောက် မြောက်ဦးခေတ်တွင် မင်းဖလောင်းနှင့် စိုးမဲကျီရို့သည် မွမ်းမံပြုပျင်ခသည်။ ဘုရားပွဲကိုနှစ်စဉ် နတ်တော်လတွင်ကျင်းပပြီး ရခိုင်ပြည်နယ်တွင် စည်ကားသော ဘုရားပွဲတော်ဖြစ်သည်။
.
၂။ မေးငူဓါတ်
မေးငူဓါတ်သည် မြီငူကျွန်း၏အနောက်ဖက်ကမ်းအလယ်လောက်တွင်တည်ဟိသည်။ ဓါတ်တော်တည်ဟိရာတောင်ကို သေလာပဗ္ဗတတောင်ဟုတွင်ခေါ်ပြီး မင်းဖလောင်းက သက္ကရာဇ် (၉၄၇) ခုနှစ်တွင် ပြန်လည်တည်ထားခသည်။ ဤစေတီတည်ရာကို အကြောင်းပြု၍ မေးငူကျွန်း၊ ယင်းမှ မြီငူကျွန်းဟုခေါ်တွင်သည်။
၃။ သလုံးတော်ဓါတ်
သလုံးတော်ဓါတ်မှာ မြီငူကျွန်း၏အနောက်ဘက်ကမ်းခြီမြောက်ဘက်တွင် တည်ဟိသည်။ ဤဓါတ်ကို သားလွဲတော်ဓါတ်၊ သလုံးတော်ဓါတ်ဟုလည်းခေါ်ကြောင်းသိရသည်။ သမိုင်းဝင်ဓါတ်တော်တဆူဖြစ်သည်။
၎။ မျက်မှောင်တော်ဓါတ်
ဤစေတီသည် မြီငူကျွန်း၏မြောက်ဘက် ယာတိုက်ရွာအရှိမြောက်ဘက်တွင်တည်ဟိသည်။ ယခုမြင်ရသော စေတီတော်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါမှ ပြန်လည်၍ မွမ်းမံပြုလုပ်ထားပုံဖြစ်သည်။
၅။ လက်ယာသလုံးတော်ဓါတ်
ဤစေတီမှာ မြီငူကျွန်းဂြင်းချောင်းဘုန်းကြီးကျောင်းပရ၀ုဏ်၌ တည်ဟိသည်။ ဤစေတီတော်၏သမိုင်းမှာ သာသနာသက္ကရာဇ် (၂၁၈) ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးက ဦးစွာတည်ခကြောင်းဆိုသည်။ ဒုတိယအကြိမ်ကို မင်းဖလောင်းက သက္ကရာဇ် (၉၄၇) ခုနှစ်တွင် ပြုပျင်သည်။ တတိယအကြိမ်ကား ခရစ် (၁၈၃၈) ခုနှစ်တွင် မြီငူကျွန်းတောနေ ဆရာတော်ကလည်းကောင်း၊ စတုတအကြိမ်ကို ဂြင်းချောင်းဆရာတော်ကြီး ဦးပဒုံမနှင့် ဒကာဒကာမများက ကောဇာ (၁၃၁၂) ခုနှစ်တွင် ပြုပျင်ခကတ်သည်။
(ခ) အလယ်ဖရုံကာကျွန်းမှ ဓါတ်မွီတော်များ
၁။ အူမတော်ဓါတ်
အူမတော်ဓါတ်သည် လွမ်းဦးရွာ၏ အနောက်ဘက်ကုန်းမြင့် တောင်ထိပ်ပေါ်တွင်တည်ဟိသည်။ ဘုရားသျှင်နုငယ်စဉ်က ချီမင်းဖြစ်ခကြောင်း ဆိုသည်။ ဤတောင်ကုန်းကို နီလပဗ္ဗတတောင်ဟုခေါ်သည်။ ဤဓါတ်တော်ကို ခေတ်အဆက်ဆက်ကပြုပျင်လာခပြီး (၁၉၉၇) ခုနှစ်က တကြိမ်ပြုပျင်ခသည်။ ယခုအခါ ဤစေတီကို သျှင်ရွာနှစ်ရွာ၊ စက်နိုး၊ နတ်တောင်၊ ကျောက်တန်း၊ ကျောက်တောင်၊ ပြင်မ၊ နတ်စာရင်း၊ ခမောင်းချောင်း၊ လွမ်းဦးစသည့်ရွာများက ကိုးကွယ်နီကတ်သည်။
၂။ ရင်အုံတော်ဓါတ်
ဤဓါတ်သည် ပိန္နဲချောင်းကျွန်း၏ အရှိဘက်တောင်တန်းတောင်ထိပ်တွင် တည်ဟိသည်။ ကျွန်းမြောက်ဘက် အစိပ်အပိုင်းဖြစ်သည်။ မြင့်ဂါရွာ၏အရှိဘက် (၄) ဖာလုံခန့်အကွာတွင် တည်ဟိသည်။ ဗုဒ္ဓနုငယ်စဉ်က ဧဏီသားဖြစ်ခကြောင်းဆိုသည်။ ယခုမြင်ရသော စေတီမှာ အင်္ဂလိပ်ခေတ်ကလက်ရာဖြစ်သည်။ ယင်းအချိန်ကပင် ဤစေတီရင်ပြင်ပေါ်၌ အနောက်ဘက်တွင် အာရုံခံသိမ်တဆောင်ဟိပြီး ယင်း၏အထဲ၌ ကျောက်ဆင်းထုတဆူ ဟိသည်။ စေတီ၏တောင်ဘက်၌လည်းကောင်း၊ အရှိဘက်၊ အနောက်ဘက်ရို့၌ လည်းကောင်း အာရုံခံသိမ်ဟိသည်။ စေတီပေါ်သို့ တောင်ဘက်အုတ်လှကာမှတက်ရသည်။ လမ်းတလျှောက်၌ စောင်းတန်းအမိုးဟိသည်။ ယခုအချို့ ပျက်စီးနီလတ်ပြီ။ တောင်ခြီရင်းတွင်လည်း သိမ်ထဲ၌ ဗုဒ္ဓကျောက်ဆင်းထု (၃) ဆူကို တွိရသည်။ ဤစေတီကို ယခုအခါ မြင့်ဂါ (ရွာသစ်)၊ ကြက်သရေ၊ ရွှီပတေ၊ တောင်ချောင် (ရွာသစ်)၊ တောင်ချောင် (ရွာဟောင်း)၊ ကျောက်ကုတင်၊ ကမ်းပိုင်းကြီး၊ ဇီးချိုမော်ရွာရို့က ကိုးကွယ်လျှက်ဟိနီသည်။
၃။ လျှာချေဓါတ်
ဤဓါတ်သည် ရင်အုံတော်စေတီ၏ တောင်ဘက်တောင်ကုန်း၌ဟိသည်။ တောင်ကုန်းအခြားဖြစ်သည်။ ဤတောင်ကုန်းမြင့်၌မူ စေတီ (၂) ဆူကိုတွိရသည်။ ကြက်တူရွေး တဇစ်ဖြစ်ကြောင်းဆိုသည်။ ဓါတ်တော်မှာ လျှာတော်ဓါတ်(ဇီဝှါ) ဖြစ်သည်။ ဤစေတီတော် (၂) ဆူအောက် အနောက်ဘက်တွင် ဘုန်းကြီးကျောင်းဟိသည်။ ဤဘုန်းကြီးကျောင်းကို ကြက်သရေရွာမှ ကိုးကွယ်သည်။ ဤစေတီ (၂) ဆူကိုမူ ကြက်သရေရွာသားများက ပြုပျင်ထားကတ်သည်။ စေတီအဟောင်းကို ခရစ် (၁၉၈၃( ခုနှစ်က ပြန်လည်ပြုပျင်ထားခြင်းဖြစ်သည်။
၎။ နဖူးတော်ဓါတ်
ဤစေတီတည်ဟိရာဓါတ်ကို ဖူးတောင်ဟုခေါ်သည်။ ဤစေတီမှာ လျှာချေဓါတ်၏တောင်ဘက်ကုန်းမြင့်တွင် တည်ဟိသည်။ စာမရီငှက်တဇစ်ဖြစ်ခကြောင်းဆိုသည်။ ဤဓါတ်ကို ယခုအခါ စက်နိုးရွာသားများက ပြုပျင်ကိုးကွယ်ထားကတ်သည်။ ယခုမြင်ရသောစေတီပုံသည် ခရစ် (၁၉၇၅) ခုနှစ်က ပြုပျင်ထားခြင်းဖြစ်သည်။ ဓါတ်တောက်သည်ဟုသိရသည်။
၅။ ကျွန်းဦးစေတီ
ပိန္နဲချောင်းကျွန်း၏အနောက်ဘက်တောင်မော်ဦးရွာ၏ အရှိဘက်အနီးကုန်းမြင့်ငယ်ပေါ်၌ စေတီတဆူကိုတွိရသည်။ ထိုစေတီကို ကျွန်းဦးစေတီဟုခေါ်သည်။ ဤကုန်းမြင့်ကို ရှိကပင်ဇာတီတောင်ဟုခေါ်သည်။ ယခင် စေတီအဟောင်းကို ဖြိုဖျက်၍ (၁၉၉၇) ခုနှစ်က ပြန်လည်ပြုပျင်ထားကတ်သည်။ စေတီကို တောင်မော်ဦး ရွာသားများက ကိုးကွယ်နီသည်။
၆။ တန်းခွန်တိုင်စေတီ
ကျွန်းဦးစေတီမှ တောင်ဘက်သို့လာလျှင် ကျောက်ပြင်ရွာကိုရောက်သည်။ ဤရွာ၏တောင်ဘက်ရွာအနီးတွင် စေတီငယ်တဆူကို တွိရသည်။ ယင်းစေတီကို တန်းခွန်တိုင်စေတီဟုခေါ်သည်။ ယခင်စေတီဟောင်း (၂) ဆူကိုဖြိုဖျက်ပြီး ယခုပြန်လည်၍ တဆူတည်းစုပေါင်းကာတည်ထားခြင်းဖြစ်သည်။ ယခုမြင်ရသောစေတီကို (၁၉၈၅) ခုနှစ်က ပြန်လည်ပြုပျင်ထားခြင်းဖြစ်သည်။
၇။ မာလာတော်ဓါတ်
ကျောက်ပြင်ရွာမှ တောင်ဘက်သို့အစဉ်အတိုင်းလာလျှင် ပိန္နဲချောင်းရွာကိုရောက်သည်။ ယင်းမှတောင်ဘက်သို့ လာလျှင် ကြိမ်ခုံပြင် (ကုလားရွာ) ကို ရောက်သည်။ ယင်းရွာ၏အထက် အနောက်ဘက်တွင် မာလာတော်ဓါတ် တည်ဟိသည်။ ဤမာလာတော်ဓါတ်တည်ဟိရာ ကုန်းအမည်ကို မသိရသိမ့်ပေ။ ဤဓါတ်တော်ကို ပိန္နဲချောင်းရွာကဒိုင်ခံပြီး ဆင်တမော်အုပ်စုနှင့်ပိန္နဲချောင်းအုပ်စုက ကိုးကွယ်သည်။ စေတီရင်ပြင်၌ အာရုံခံသိမ်တခု၊ စေတီ၏ အနောက်ဘက် ဆင်းလမ်းတွင် ဓမ္မာရုံကြီးနှင့် ရှိဟောင်းကျောက်ဆင်းထုတော်တဆူ ဟိသည်။
၈။ ထီးဖြူမိုးစေတီ
မာလာတော်ဓါတ်၏တောင်ဘက်တွင် ထီးဖြူမိုးစေတီကို တွိရသည်။ ဤစေတီ၏အရှိဘက်တွင် မညင်းကိုင်း (ခမီး) ရွာကို တွိရသည်။ ထီးဖြူမိုးစေတီဟုတွင်ခေါ်ခြင်းမှာ ထီးဖြူမိုးတောင်ကို အစွဲပြု၍ ခေါ်တွင်ခြင်းဖြစ်သည်။ ဤစေတီကို ခမီးရွာမညင်းကိုင်းက အနီးကပ်ကိုးကွယ်သည်။ စေတီကို (၁၉၉၆) ခုနှစ်က အသစ်ပြန်လည် ပြုပျင်ထားခကတ်သည်။
၉။ သျှင်ထွီးမစေတီ (ဆင်ထိန်းမစေတီ)
ထီးဖြူမိုးစေတီမှ တောင်ဘက်အရပ်သို့လာလျှင် (၃) ဖာလုံခန့် တောင်ခြီရင်းကုန်းမြင့်တခုတွင် စေတီငယ်တဆူကို တွိရသည်။ ဤစေတီငယ်ကို သျှင်ထွီးမစေတီဟုတွင်ခေါ်သည်။ စေတီဟောင်းကို (၁၉၉၇) ခုနှစ်က ဖြိုဖျက်၍ ပြန်လည်ပြုပျင်ခကတ်သည်။ ဘားညိုသူဌေးနှင့် ဘားဘူသူဌေးညီမငယ် သျှင်ထွီးမကတည်ထားခကြောင်း ဆိုသည်။ ဆရာမောင်ဗသိန်းက ဆင်ထိန်းမစေတီဟုသာ ဖော်ပြသည်။
၁၀။ ဘာညိုတောင်စေတီ
ဘာညိုတောင်သည် သျှင်ရွာ၏အရှိဘက်တမိုင်ခန့်အကွာတွင် တည်ဟိသည်။ ဘာညိုတောင်ထိပ်၌ ရှိကစေတီပျက်တဆူဟိခသည်။ ဤဘာညိုစေတီမှာ ရှိဟောင်းစေတီဖြစ်သည်။ ဘာညိုသူဌေးကတည်ခကြောင်း သိရသည်။
(ဂ) တောင်ရင်းကျွန်းမှဓါတ်မွီတော်များ
၁။ လက်ဖန်တော်ဓါတ်
တောင်ရင်းကျွန်း၏မြောက်ဘက်ပိုင်း လက်ပံပြားရွာဘုန်းကြီးကျောင်းထဲ၌ လက်ဖန်တော်ဓါတ်တဆူဟိသည်။ စေတီမှာအမြင့် (၂၇) တောင်မြင့်သည်။ လုံးပတ်မှာ (၆၂) တောင်ဟိပြီး မြောက်ဦးခေတ်ကတည်ခသည်။ ကောဇာ (၁၃၄၂) ခုနှစ်တွင် ဆရာတော်ကြီးဦးဂန္ဓ၀ံသကဦးဆောင်၍ ရွာသားများနှင့်ပူးပေါင်းကာ မွမ်းမံပြုပျင်ခကတ်သည်။
၂။ ဒုံးမစေတီ
လက်ပံပြားရွာထဲ၌ ဟိနီသည်။ မြောက်ဦးခေတ် ကျိန်းဒုံးညို (စန္ဒ၀ိဇယရာဇာ) မင်းကတည်ထားခခြင်းဖြစ်သည်။ ဒုံးညိုတည်၍ ဒုံးမစေတီဟုတွင်ခေါ်သည်။ ဤစေတီကို သိမ်အတွင်း၌ ဆောက်လုပ်ထားခြင်းဖြစ်သည်။ အမြင့် (၁၅) တောင်ခန့်မြင့်သည်။ ကျောက်သားပကတိဖြင့် တည်ဆောက်ထားသည်။ စေတီလုံးပိတ်ဖြစ်သည်။ ယခုအခါ ပြိုပျက်လျှက်ဟိနီသည်။
၃။ နရတ်စားပုထိုးတော်
လက်ဖန်တော်စေတီ၏အရှိတောင်ထောင့်အရပ် ဘုန်းကြီးကျောင်းဝင်းထဲ၌ ရှိဟောင်းပုထိုးတော် စေတီတဆူကို တွိရသည်။ ကျောက်ဖြင့်တည်ဆောက်ထားခသည်။ (၁၉၆၈) ခုနှစ်က မုန်းတိုင်းဒဏ်ကြောင့် ပြိုပျက်ခရသည်။ မြောက်ဦးခေတ် နရတ်စားအမတ်တည်ထားခသော ပုထိုးတော်ဖြစ်သည်။
၎။ ပြည်တန်းခွန်စေတီ
မနော်သီရိရွာ၏အရှိဘက်တောင်ပူစာ၌ ရှိဟောင်းသမိုင်းဝင်စေတီတဆူကို တွိရသည်။ စေတီဟောင်းကို ယခုအခါ ဂေါပကအဖွဲ့မှ ပြုပျင်လျှက်ဟိနီသည်။ နဂိုအုတ်စေတီဖြစ်သည်။ ယခုအခါ ဤတောင်ကို သီရိဝဎနဟု အမည်တွင်သည်။
၅။ မောလိပ်စေတီ
မောလိပ်ရွာဟောင်း ကျောင်းခြံဝင်းထဲ၌လည်း ရှိဟောင်းစေတီတဆူကို တွိရသည်။ ဤစေတီကို ကျောက်ဖြင့် တည်ဆောက်ထားသည်။ မောလိပ်ရွာမှာကား ပြိုပျက်လားခပြီ။ သို့သော်လည်း ဤကျွန်းရွာဟိစေတီကို ယခုအခါ အုတ်ဖြင့် လက်ပံပြားဆရာတော်က ဦးဆောင်၍ တည်ဆောက်နီသည်။ မြောက်ဦးခေတ်က စေတီဖြစ်သည်။
၆။ တောင်ရင်းကျွန်းမှ ဓါတ်စေတီတော်များ
တောင်ရင်းကျွန်းမှ ဓါတ်စေတီတော်များကို ဦးမင်းအောင် ရွီးသားသည့် (နာဂဒီပရာဇ၀ံသသင်္ခေပကျမ်း) နှင့် ကြိမ်ခွေမော်ရွာ အောင်မင်္ဂလာနာမ်တော်ရှင်သမိုင်းကျမ်း၌ ပါဟိကြောင်း တဆင့်သိရသည်။ တောင်ရင်းကျွန်း အရပ်၌ သမိုင်းဝင်ဓါတ်တော် (၁၈) ဆူဟိခရာ ယင်းမှ (၆) ဆူ တည်နီရာကို ဤသို့ဖော်ပြထားသည်။
(၁) ကြိမ်ခွေမော်ရွာအနီး ။ နာလိကပဗ္ဗတောင်မှ နမ်တော်စေတီ
(၂) မနော်သီရိရွာအနီး ။ ဥဿဘပဗ္ဗတတောင်မှ စက္ခုတော်ဓါတ်
(၃) တပ်မော်ရွာအနီး ။ ကမိပဗ္ဗတတောင်မှ လက်ရိုးတော်ဓါတ်
(၄) လက်ပံပြားရွာအနီး ။ - - - - -မှ လက်ဝဲလက်ပန်တော်ဓါတ်
(၅) - --- - - ။ ဏ္ဍသီပဗ္ဗတတောင်မှ နုတ်ခမ်းတော်ဓါတ်
(၆) ကျောက်ဆစ်ရွာ ။ ၀ဏ္ဏဒေ၀တောင်မှ ကျောက်ဆစ်ဓါတ်
မှတ်ချက်။ ။ နံပါတ် (၄) မှ ဓါတ်တော်တည်ဟိရာ ကုန်းအမည်နှင့် နံပါတ် (၅) မှ ဓါတ်တော်တည်ဟိရာကို ရှာဖွေလေ့လာဆဲဖြစ်ကြောင်းသိရသည်။
၇။ တောင်းဖူးဘုရားကြီး
တောင်းဖူးရွာသည် ပေါက်တောမြို့နယ်၏အနောက်ဘက် (၅) မိုင်ခန့်အကွာတွင် တည်ဟိသည်။ တောင်ရင်းကျွန်းဦးလည်းဖြစ်သည်။ ဤဘုရားဆင်းထုကြီးကို တိလောကမာရဇိန် (ဆုတောင်းပြည့်) ဟု အမည်ရသည်။ သက္ကရာဇ် (၈၉၃) ခုနှစ်တွင် နန်းတက်သော မင်းဖလောင်းသည် သက္ကရာဇ် (၉၄၇) ခုနှစ်တွင် ဓါတ်တော်မွီတော်အဆူဆူကို နန္ဒပဗ္ဗတတောင်ပါးမွီးတော်ဓါတ်မှစ၍ သီလပဗ္ဗတဦးရာဇ်တောင်အဆုံး (၁၇) ရပ်ရို့၌ စေတီပုထိုးတည်ထားခလီရာ မေးငူတော်၊ ရင်အုံတော်၊ သလုံးတော် စသောဓါတ်များကို စေတီပုထိုးတည်ရန်အတွက် လှီသဘင်ဆင်ယင်၍ ကြွမြန်းလာခရာ ကျွဲကူးမြစ်လက်ဝဲဘက်ကမ်း တောင်ယံတွင် ခေတ္တယာယီကိန်းဝပ်တော်မူသည်။ ထိုအခါ ၀န်းကျင်ဂါမဇာနပုဒ်ပြည်သူများက စုပေါင်းညီညွတ်ပြီး ဤအရပ်တွင် ထာဝရဓါတ်တော်တဆူကိန်းဝပ်သင့်ကြောင်း တောင်းပန်မှုအရ တောင်းဖူးသည်ကို အကြောင်းပြု၍ (တောင်းဖူး) ဟုခေါ်တွင်သည်။ ဤဘုရားဆင်းထုကြီးကို ဦးတိက္ခအမည်ဟိသောပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ်အနှံ့နှိုးဆော်လျှက် မြီပုံမှပန်းရံဆရာ ဦးဖြူသာထွန်းက သက္ကရာဇ် (၁၂၃၇) ခု တန်ခူးလပြည့်ကျော် (၂) ရက်၊ အင်္ဂါနိနံနက်တွင် ဘုရားကြီးကို တည်ထားခသည်။ ဥာဏ်တော်အမြင့် (၂၂) ပေဟိသည်။
၈။ ရတနာမုနိသွန်းစက်တော်
ပေါက်တောမြို့နယ်ပြားကျွန်း နဂွေးကျွန်းရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌သီတင်းသုံးလျှက်ဟိသော သွန်းစက်တော်တဆူမှာ ရတနာမုနိဟူ၍ အမည်ရသည်။ ယင်းဘုရားကြီးကို ကောဇာ (၁၂၇၂) ခုနှစ်က ယင်း၏ကျောင်းတိုက်ထဲ၌ သွန်းလုပ်ခသည်။ ဥာဏ်တော်မှာ (၅) ပေမြင့်သည်။ ယခုတင်ပြခသော ပေါက်တောမြို့နယ်မှ ဘုရားပုထိုးစေတီတော်များအကြောင်းသည် လက်လှမ်းမီသမျကို လေ့လာစုဆောင်း၍ တင်ပြခြင်းရာဖြစ်သည်။ တင်ပြရာ၌ ရပ်လူကြီး၊ ရွာလူကြီးများကပြောပြချက်များ၊ မဂ္ဂဇင်းစာအုပ်များမှ ကိုးကားချက်များကို သင့်တော်သလိုညှိနှိုင်းလျှက် ရွီးသားခြင်းလည်းဖြစ်သည်။ အကျယ်နှင့်တိကျနိုင်မည့် သမိုင်းဖြစ်ရပ်များကို နောက်သုတေသီများက လေ့လာဆန်းစစ်၍ တင်ပြပါရန် နိုးဆော်အပ်ပေသည်။
ကျမ်းကိုး
၁။ မောင်ဗသိန်း။ ။ ပေါက်တောမြို့နယ်အကြောင်းသိကောင်းစရာ။ ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ် (၁)
၂။ ဓညသျှင်။ ။ ရခိုင်ပြည်နယ်ဘုရားကြီးတဆူ။ ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ်(၁)
၃။ လက်ပံပြားဆရာတော် ဦးဂန္ဓမာလာဘိဝံသ(ဓမ္မစရိယ) ၀ိနယပါရဂူ၏ ပြောပြချက်များ
၎။ မညင်းကိုင်းကျွန်းရွာမှ ဘုရားတကာ ဦးမောင်အေးနှင့် ဦးအောင်မြစိန်ရို့၏ပြောပြချက်များ
၅။ စာရွီးသူ ၂၈-၃-၂၀၀၁ နိက အလယ်ဖရုံကာကျွန်း ကွင်းဆင်းလေ့လာမှုမှတ်တမ်းဒေနိန်ရာမှ .